01/08/2022
“အရည်အသွေး ပြည့်ဝတဲ့ ထုတ်ကုန်တွေပဲ လောကကြီးထဲကို တင်ပို့ပါ”
▪️လိပ်ပြာလုံတယ်၊ မလုံဘူး ဆိုတာ ကိုယ် ဘာကို တန်ဖိုးထားသလဲနဲ့ အဓိက သက်ဆိုင်ပါတယ်။ နေသာသလို နေနေကြသူတွေကို လိပ်ပြာမလုံဘူး မထင်ပါနဲ့။ အေးဆေးပါပဲ။ ဘာလို့ဆိုတော့ သူတို့ရဲ့ တန်ဖိုးထားမှုကိုက တစ်ကိုယ်ရည်စာ အဆင်ပြေဖို့ ဖြစ်နေလို့ပါပဲ။ ခုကာလမှာ ညည်းညူ ပြစ်တင်နေကြသူတွေကိုဆို Negative vibe တွေ ပေးနေတယ်လို့တောင် ထင်ကြဦးမယ်။
ဒီတော့ အဲဒီတန်ဖိုးထားမှုတွေ ကိုယ့်ဆီ ဘယ်လိုရောက်လာသလဲ။ ဘယ်အရာတွေက ကိုယ့်ဘဝရဲ့ တန်ဖိုးထားစရာတွေကို ပုံသွင်းပေးလိုက်တာလဲ။ တစ်ယောက်နဲ့ တစ်ယောက်ကရော ဘာလို့ မတူကြတာလဲ စဉ်းစားကြည့်ဖို့ ကောင်းတယ်။
▪️အဲဒီ အကြောင်းရင်းတွေထဲမှာ အဓိက အကျဆုံး ပါနေနိုင်တာကတော့ မိဘပဲ။ ဒါမှမဟုတ်လည်း အနီးကပ် အုပ်ထိန်းသူပေါ့။ အဖိုး အဖွား ဖြစ်ရင်ဖြစ်မယ်၊ ဦးလေး အဒေါ်ဖြစ်ရင်ဖြစ်မယ်။ သူတို့တွေဟာ ကလေးတစ်ယောက် ပထမဆုံး ထိတွေ့ရတဲ့ ပတ်ဝန်းကျင် ဖြစ်တယ်။ လက်ဦးဆရာတွေ ဖြစ်တယ်။ သူတို့ဟာ ကလေးတစ်ယောက်ကို ပုံဖော်တဲ့ နေရာမှာ အဓိကနေရာကနေ ပါဝင်နေတယ်။
၃၈ ဖြာ မင်္ဂလာမှာ အသေဝစ ဗာလာနံ (လူမိုက်ဆိုရင် ရှောင်ကြဉ်ရမယ်) ဆိုတဲ့အချက်က ထိပ်ဆုံးက ပါတယ်။ အကြောင်းမဲ့ မဟုတ်ဘူး။ သိပ်အရေးကြီးလို့ပဲ။ လူမိုက်ဆိုတာကလည်း ရပ်ကွက်ထဲ ခိုးဆိုး သောင်းကျန်းနေတဲ့သူကိုမှ ပြောတာ မဟုတ်ဘူး။ ထစ်ခနဲဆို ဈေးတင်ပြီး အမြတ်ကြီးစားတဲ့သူဟာလည်း လူမိုက်ပဲ။ အမလေး ငါ့သားရယ်၊ ငွေသာ ရှိလို့ကတော့ ဘာမဆို ဖြေရှင်းလို့ ရတယ် ဆိုပြီး သွန်သင်နေသူကလည်း လူမိုက်ပဲ။ ဆိုတော့ ဆယ်ကျော်သက်အရွယ်ကျ အပေါင်းအသင်း မှားမှာ၊ အတုယူ မှားမှာကို ပူမနေနဲ့။ ကလေးတစ်ယောက်ရဲ့ ဘဝမှာ ပထမဆုံး အတုယူစရာ ဖြစ်တဲ့ မိဘ အုပ်ထိန်းသူတွေ ကိုယ်တိုင်က အရင် လူမိုက်မဖြစ်ဖို့ လိုတယ်။
ခုခေတ်ဆို အပြိုင်အဆိုင်တွေက များတော့ ၂ နှစ်၊ ၃ နှစ်အရွယ်ကတည်းက Right brain, Left brain ကျောင်းပေါင်းစုံအောင် ထားနေကြတယ်။ ဘာသာစကားတွေ အမျိုးမျိုး သင်ပေးကြတယ်။ မိဘတွေဟာ ကိုယ့်သားသမီးကို လူ့လောကမှာ The best player ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ Team player ဖြစ်အောင် သွန်သင်ဖို့တော့ တစ်ခါတလေ မေ့နေတတ်ကြတယ်။ အတ္တကြီးပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ အကောင်းဆုံး ကစားသမားထက်စာရင် သူ့လောက်တော့ မတော်ပေမဲ့ အသင်းရဲ့ အကျိုးကို ဦးစားပေးတဲ့ ကစားသမားက တကယ်တမ်း ပိုအရေးကြီးတာ။ ပိုလိုအပ်တာ။
▪️တကယ်တော့ သားသမီး မွေးတယ်၊ ပြုစုပျိုးထောင်တယ် ဆိုတာ ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ပြီး ဈေးကွက်ထဲ တင်ပို့လိုက်တာနဲ့ တူတူပဲ။ ဒီပစ္စည်းက အရည်အသွေး မမီရင်၊ ဓါတုပစ္စည်းတွေ ပါနေရင် သုံးစွဲတဲ့သူတွေကို အန္တရာယ် ဖြစ်စေတယ်။
အဲ့လိုပါပဲ။ ကိုယ်မွေးထုတ်လိုက်တဲ့ ကိုယ့်သားသမီးကလည်း ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်ရှိနေမယ်။ တစ်ကိုယ်ကောင်း ဆန်မယ်။ မဟုတ်တာ လုပ်ရမှာ မရှက်ဘူး။ မကြောက်ဘူး။ ကိုယ့်ကြောင့် သူများ ထိခိုက်နစ်နာသွားလည်း ခပ်တည်တည်နဲ့ နေနိုင်တယ်ဆို သူနဲ့ ဆက်စပ်ရသမျှ လူတွေဟာ စိတ်ဆင်းရဲရဖို့ချည်းပဲ ရှိတယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို
- လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်အောင်၊
- The Best ဆိုတဲ့ အကောင်းဆုံး ဖြစ်ဖို့ထက် လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုတဲ့၊ ပတ်ဝန်းကျင်နဲ့ သဟဇတ ဖြစ်တဲ့ Team Player ဖြစ်အောင်၊
- ပရဟိတတွေလုပ်၊ တစ်ဘဝလုံး ပေးဆပ်အနစ်နာခံဖို့ ဘာညာထက် မဟုတ်တာ လုပ်ရမှာ ရှက်တတ်အောင် အရင်ဆုံး ပြုစုပျိုးထောင်ပေးကြဖို့ လိုတယ်။
ဒါသည် စီးပွားရေး စကားလုံးနဲ့ ပြောရရင် Ethical business ပဲ။ တစ်နည်းအားဖြင့် အများအကျိုးပြုခြင်း၊ တိုင်းပြည်တည်ဆောက်ခြင်းလည်း ဖြစ်တယ်။
▪️မိဘနဲ့ ၁၀၀ % သက်ဆိုင်တယ်တော့ မဟုတ်ပါဘူး။ မိဘက စိတ်ကောင်းစေတနာ ရှိပေမဲ့ သားသမီးက ယုတ်ညံ့နေတာတွေ တစ်ပုံကြီး။ စစ်တပ်အသိုင်းအဝိုင်းကနေ ဆင်းသက်လာပြီး ပြည်သူဘက်ကနေ ရပ်တည်နေကြတာတွေလည်း ရှိတာပဲ။ သို့သော် မိဘအုပ်ထိန်းသူတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေတော့ ပါဝင်နေတာ သေချာပါတယ်။
ဒါကြောင့် ဒီတော်လှန်ရေးဖြစ်စဉ်ကို နိုင်ငံရေးရှုထောင့်အပြင် ကလေးပြုစုပျိုးထောင်တဲ့ ရှုထောင့်ကနေလည်း ကြည့်ပြီး မိဘများ သင်ခန်းစာယူပါ။ လောကကြီး ဆိုတဲ့ ဈေးကွက်ထဲ ဘေးဥပဒ် ဖြစ်စေမဲ့ ကုန်ပစ္စည်းတွေ မတင်ပို့မိအောင် ဂရုစိုက်ပေးပါ။
▪️ကမ္ဘာကြီးဟာ လူတော်တွေချည်း လိုအပ်တာ မဟုတ်ပါဘူး။ လူကောင်းတွေလည်း လိုအပ်ပါတယ်။ အနည်းဆုံးတော့ မဟုတ်တာ လုပ်ရမှာ ရှက်တတ်တဲ့၊ လုပ်မိပြီးရင် မလုံမလဲ ဖြစ်တတ်တဲ့သူတွေနဲ့ တည်ဆောက်ထားတဲ့ လူမှုအသိုင်းအဝိုင်းကသာ နေချင့်စဖွယ် ဖြစ်တာပါ။
ဒေါက်တာ ဖြိုးသီဟ
၄.၉.၂၀၂၁