09/06/2025
(ကိုယ်တိုင်လဲ နှစ်များစွာသောက်ခဲ့ပြီးမှ ပြတ်စဲခဲ့တာ ကြာခဲ့ပေါ့...အရက်ကြောင့် ဆုံးပါးသွားခဲ့ရတဲ့ သူငယ်ချင်းတွေလဲ များစွာနဲ့😔...ဆက်သောက်နေအုံးမယ့် သူငယ်ချင်း မိတ်ဆွေတွေအတွက် ရည်ရွယ်ပါတယ်။)💟
(2017က ပို့စ်အဟောင်းပါ)
(ဒေါက်တာ) Kyaw Swe✍ ၏
ပို့စ် ၂ ခုကို စုစည်း တင်ပြထားခြင်းဖြစ်ပါသည်။
🥃အရက် ဆိုသည်မှာ (၁)
23 April 2017
ဒီနေ့ ရွာက တပည့်တယောက်က တောအရက် ၂ ပုလင်းနဲ့ ပျားရည် ၁ ပုလင်း၊ လာ ကန်တော့တယ်။ ကန်တော့တယ် ဆိုတာထက် လက်ဆောင် ပေးတယ် ပြောရမှာပဲ။ တပည့်လာပေးတဲ့ အရက်ပုလင်းတွေကို ကြည့်ရင်း လူက လေတက်လာတယ်။ ပျားရည်ပုလင်းကို အမေ့ ပေးလိုက်ပြီး အရက်ပုလင်းတွေကိုတော့ ဗီဒိုထဲ ချောင်ကပ် သိမ်းထားလိုက်တယ်။
ညနေပိုင်း ရောက်လာတော့ လက်က သိမ်းထားတဲ့နေရာ အလိုလို ရောက်သွားတယ်။ ဒါနဲ့ စာရေးဖို့ အာရုံစိုက်ရင်း အပြင်ထွက် ထိုင်နေလိုက်တယ်။
ဒီကနေ့ လူအတော်များများက အရက်ကို ဧည့်ခံ ပွဲတည်စရာအဖြစ် မြင်နေကြတယ်။ ပျော်လို့လည်း သောက်တယ်။ ပျင်းလို့လည်း သောက်တယ်။
အလှူ မင်္ဂလာဆောင်ကနေ အသုဘချ ဆွမ်းသွတ်အထိ အရက်နဲ့ ဧည့်ခံနေကြတယ်။ အရက်မသောက်တဲ့သူက လူရာမဝင်သလို အရက်ဝိုင်းဝင်မှ မိတ်ဆွေ ထင်နေကြတယ်။ အရောင်းအဝယ်ကနေ မင်္ဂလာစကားစပ် အထိ အရက်ဟာ ဧည့်ခံဝိုင်း ဖြစ်နေကြပြီ။ ဒါကြောင့် အရက်အကြောင်း ပြောပြချင်လို့ ဒီစာကို ရေးလိုက်တာပါ။
သောက်သုံးလို့ ရတဲ့ အရက်ဆိုတာ Ethanol ကို ခေါ်တာပါ။ ဓာတုဖွဲ့စည်းပုံက CH3CH2OH ဖြစ်ပါတယ်။ အရက်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်နိုင်တဲ့ ဟိုက်ဒရိုကာဗွန် ကွန်ပေါင်းတခု ဖြစ်ပါတယ်။ သကြားကို တဆေး (Yeast) မှာပါတဲ့ ဘက်တီးရီးယား ပိုးများ၏ အောက်ဆီဂျင်မဲ့ အသက်ရှူခြင်း ဖြစ်စဉ်ကနေ ထွက်လာတာ ဖြစ်ပါတယ်။
ဒါသည် သဘာဝအရက် ဖြစ်ပါတယ်။ စိမ်ရည်နဲ့ ဝိုင်ဟာ သဘာဝ အတူတူပါပဲ။ ဒီစိမ်ရည်ကို ပေါင်းခံနည်းနဲ့ ချက်တဲ့ အခါမှာ အရက်ကို ရရှိပါတယ်။
ဒီလို ပေါင်းခံ ချက်လုပ်တဲ့ အချိန်မှာ ပြဿနာ တက်တာပါပဲ။ Ethanol ကနေ အဆိပ်ဖြစ်တဲ့ Methnol အဖြစ် ဓာတ်ပြောင်းသွားလို့ ဖြစ်ပါတယ်။ ချက်အရက်ထဲမှာ Methnol ဟာ 5-12% အထိ ပါဝင်နေပါတယ်။ ပေါင်းခံမှု အပူချိန်မြင့်လေ Methnol ပါဝင်မှု များလေ ဖြစ်ပါတယ်။ Ethanol နဲ့ Methnol ကို အလွယ်တကူ ခွဲခြားဖို့ မလွယ်ပါဘူး။ သဘာဝအတိုင်း အငွေ့ပြန်မှုနဲ့သာ ဖယ်ရှားနိုင်ပါတယ်။ ဒါကြောင့် အရက်တွေကို သစ်သားစည်တွေထဲမှာ နှစ်ရှည် သိုလှောင်ထားရတာ ဖြစ်ပါတယ်။
Methanol ပါဝင်မှု ရာနှုန်းဟာ အရက်ရဲ့ တန်ဖိုးနဲ့ ပြောင်းပြန် အချိုးကျပါတယ်။ Methanol ပါဝင်မှု နည်းလေ အရက်ဟာ စျေးကြီးလေ၊ အန္တရာယ်လည်း လျော့ပါးလေ ဖြစ်ပါတယ်။ တောရောက်တုန်း ချက်အရက်ဝယ်လာပြီး ဖန်ပုလင်းနဲ့ အဖုံးအသေပိတ်နဲ့ နှစ်တစ်ရာ ထားလည်း Methanol ပမာဏ မလျော့သွား နိုင်ပါဘူး။ တောချက်အရက်ဆိုပြီး အန္တရာယ်ကင်းတယ် မထင်ပါနဲ့။ Methanol ပိုပါနိုင်လို့ ပိုအန္တရာယ် များပါတယ်။ 100% Ethanol ရဖို့ အရက်အဆီ သို့မဟုတ် ဦးရည်ကို သစ်သားစည် သို့မဟုတ် ဖန်ပုလင်းမှာ အဖုံးအဖြစ် အဝတ်စ စည်းပြီး ထားလျှင် ၇ နှစ် လောက်အကြာမှာ ရနိုင်ပါတယ်။ Medical Use အဖြစ် Ethanol 100% ကို ဝယ်လို့ရနိုင်ပါတယ်။ ၁ လီတာကို ၂၅၀၀၀ ကျပ် စျေးလောက် ရှိပါတယ်။ ဒါကို ရေနဲ့ (၁း၂.၅) စပ်ရင် အန္တရာယ်နည်းတဲ့ အရက်ကောင်း ရပါလိမ့်မယ်။ ၃၅% V/V ဆိုတာ လက်ရှိ နာမည်ကျော် အရက်တွေ အားလုံးထက် သာပါတယ်။
ဒီလိုပြောလို့ အရက်သောက်ဖို့ မြှောက်ပေးနေတာ မဟုတ်ပါဘူး။ အရက်မသောက်တာ အကောင်းဆုံးပါ။ မသောက်ပါနဲ့ တားလို့လည်း ထိရောက်မည် မဟုတ်ပါ။ီကနေ့ အစိုးရအနေနဲ့ အရက်အပေါ်မှာ အခွန်တွေ တိုးကောက် နေပါတယ်။ အရက်ဆိုင် လိုင်စင်တွေလည်း အသစ်ချထားပေးတာ ပိတ်ထားပါတယ်။ အရက်ပုန်း ရောင်းသူတွေကိုလည်း ဖမ်းဆီး အရေးယူနေတာ များပါပြီ။ ဒါပေမယ့် အရက်သောက်သူ ဦးရေ၊ အရက် သောက်နှုန်း လျော့ကျသွားတာ မတွေ့ရသေးပါဘူး။၂၀၁၅-၂၀၁၆ အတွင်း ပြည်တွင်း အရက်ထုတ်လုပ်မှု ဂါလံ (၁၈) သိန်း အထိ ရှိခဲ့ပြီး၊ နိုင်ငံခြားမှ တင်သွင်းမှု၊ အရက် လီတာ (၃) သိန်းကျော် ရှိခဲ့ပါတယ်။ ပြည်ပ တင်ပို့မှုမှာ လီတာ (၁၈၀၀၀) ပဲ ရှိခဲ့ပါတယ်။ အရက်ထုတ်လုပ်မှုအပေါ် အခွန်တိုးကေက်တာကို အခုထက် ပိုလုပ်သင့်သလို ထုတ်လုပ်တဲ့ အရက်တွေမှာ Methanol ပါဝင်မှု၊ အရက် ပြင်းအား တို့ကို စစ်ဆေးခြင်းဖြင့် သောက်သုံးသူကို ကာကွယ်ရေးလည်း လုပ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
(အရက်နှင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကို ဆက်ရေးပါမယ်..)
🥃 အရက်ဆိုသည်မှာ (၂)
24 April 2017
အရက်ကို သောက်လိုက်တိုင်း၊ အဆိပ်ဖြစ်စေတဲ့ Methanol ဆိုတာ % အနည်းငယ်တော့ သောက်လိုက်မိပြီဆိုတာ သတိထားဖို့ လိုပါတယ်။ စျေးအကြီးဆုံး အသန့်ဆုံး အရက်ဆိုတာတောင် Methanol မကင်းစင်ပါဘူး။ % အနည်း အများပဲ ကွာပါတယ်။ ဒီကနေ့ BE အဆီကို ဖျော်သောက်နေတဲ့ အရက်ကတော့ ပြောဖွယ်ရာ မရှိပြီ။ အရက် တခွက်သောက်ထားတာကို ၈ လ အထိ စစ်လို့ ရတယ်ဆိုတာ Methanol အကြွင်းအကျန်ကို စစ်တာ ဖြစ်ပါတယ်။
Methanol သည် ခန္ဓာကိုယ်ထဲ တကြိမ်ဝင်ရောက်လာလျှင် အကုန်အစင် ခန္ဓာကိုယ်က ဖယ်ရှားဖို့ အချိန် ၉ လ လိုအပ်ပါတယ်။ ခန္ဓကိုယ်အရေပြားမှ အငွေ့ပြန်ခြင်းနှင့် အသက်ရှူလမ်းကြောင်းမှ အငွေ့ပြန်ခြင်းဖြင့်သာ ဖယ်ထုတ်နိုင်ပါတယ်။အရက်သောက် လာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲမှာ Methanol level မြင့်တက်လာပါတယ်။ Methanol ကို ကျော်နိုင်ဖို့ Ethanol ပမာဏ
ပိုလိုလာပါတယ်။ ဒါကို ရေချိန်တက်လာတယ် ပြောကြတာပါ။ Ethanol ကို အသည်း Liver ထဲမှာ Hydroxylation ဖြစ်ပြီး ချေဖျက်ပါတယ်။ Methanol ကိုတော့ အသည်းက မချေဖျက်နိုင်ပါဘူး။ Methanol level မြင့်လေ အရက် သောက်နိုင်လေ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ Methanol level ကို Ethanol level က ကျော်တက်လာမှ အရက်ရဲ့ အရသာ ပေါ်လာပါတယ်။ ရီဝေဝေ၊ ရိပ်တိတ်တိတ် ခံစားမှုကို ပြောတာပါ။ Methanol level 1.5ml/1L BLOOD ရောက်လာချိန်မှာ အရက်မသောက်ရ မနေနိုင်တဲ့ အဆင့်ကို ရောက်ပါတယ်။ ဒီအဆင့်ကို အရက်စွဲပြီလို့ သတ်မှတ်ပါတယ်။
အရက်ကို အပေါင်းအသင်းနဲ့ ကြုံတုန်းဆုံတုန်း တပတ်တကြိမ်၊ တလတကြိမ် သောက်ဖြစ်ရုံနဲ့ မစွဲပါဘူး။ ဒါပေမယ့် တဖြေးဖြေး ရေချိန်တော့ တက်လာပါလိမ့်မယ်။ ဆေးဖြစ်ဝါးဖြစ် တပက်၊ နှစ်ပက် သောက်ကြသူတွေလည်း ရှိပါတယ်။ ဒီလိုပုဂ္ဂိုလ် တွေမှာလည်း ရေချိန်တက်လာမှာပါပဲ။ အရက်ကို တကြိမ် တကြိမ်ကြားမှာ အနည်းဆုံး ၄၈ နာရီလောက် ခြားသင့်ပါတယ်။ တနေကုန် ခဏချင်း တဇွတ်ဇွတ် သောက်နေရင် ပိုပြီး ဒုက္ခပေးပါတယ်။ အရက်ကို အသည်းက ချေဖျက်ချိန်မှာ Energy ထွက်လာပါတယ်။ ဒီ Energy ကို ခန္ဓာကိုယ်က အသုံးမပြုဘဲ အဆီအဖြစ် သိမ်းဆည်းထားပါတယ်။ ဒီအဆီတွေဟာ အသည်း ပတ်လည်မှာ အခဲအဆီပြင်အဖြစ် ရှိနေပါတယ်။ ဒါကြောင့် အရက်သမားတွေ ဗိုက်ရွှဲလာတာ ဖြစ်ပါတယ်။ အရက်သောက်လိုက်ချိန်မှာ ပူနွေးတဲ့ အာရုံကို ခံစားရပါတယ်။ ဒါသည် အရက်က စွမ်းအင်တွေ ပေးနေလို့ မဟုတ်ပါဘူး။ အရေပြားတွေ ကျယ်ပျံ့သွားပြီး ခန္ဓာကိုယ်မှ အပူစွမ်းအင်တွေ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။
တချို့က အရက်သောက်ရင် ထမင်းပိုစား နိုင်တယ်လို့ ထင်ကြတယ်။ ဒါကတော့ အရက်ကြောင့် အစာအိမ် ကြွက်သားတွေ ပြေလျော့သွားပြီး အစာအိမ်ပိုကျယ်လာလို့ အစာ ပို ဝင်တာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ကောင်းတဲ့ အချက်မဟုတ်ပါဘူး။ အဆိုးဆုံးကတော့ တချို့တွေက အရက်သောက်ရင် အမြည်း မပါဘဲ၊ ပါရင်လည်း အမြည်းနဲနဲ နဲ့ သောက်တတ်ကြတယ်။ ဒါဟာအန္တရာယ်ကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
တချို့တွေ ညက အရက်အတူသောက်နေကြတာ၊ အခုမနက်ကြ သူသေပြီတဲ့ ဆိုတာမျိုး ကြားရရင် လန့်သွားတတ်ကြတယ်။ လန့်သွားလို့ အသောက်တော့ မပြတ်သွားကြပါဘူး။ အသောက်ပျက်ရင် အသက်ပျောက်မယ်ဆိုတာ အရက်သမား စကားသာ ဖြစ်ပါတယ်။ အရက်ဆိုတာ အဆိပ်ဆိုတာဘဲလို့ မြင်မိရင် မြင်တဲ့ အချိန်ကစပြီး မသောက်ဖို့ လိုအပ်ပါတယ်။
အရက် မသောက်တာ အကောင်းဆုံးပါ။ သောက်ဖြစ်ခဲ့ရင်လည်း အလွန်အကျွံမသောက်မိဖို့ ထိန်းကြပါ။ အရက်ကို အမြည်းမပါဘဲ မသောက်ကြပါနဲ့။ သစ်သီးတွေကို အမြည်းလုပ်ခြင်းဟာ အန္တရာယ် လျော့နိုင်ပါတယ်။ အရက်များများ သောက်ပြီးတိုင်း သကြားကို မြင်းခေါင်း ဇွန်း ၂ ဇွန်းလောက် စားဖို့ မမေ့ပါနဲ။ အဝတ်မပါ၊ စောင်မခြုံဘဲ မအိပ်ပါနဲ့၊ အဲဒါနဲ့ပြောင်းပြန် စောင်ခေါင်းမြီးခြုံပြီးလည်း မအိပ်ပါနဲ့။
မိသားစုတိုင်းလိုလို အဖေ၊ ဦးကြီး၊ ဦးလေး၊ အစ်ကို၊ ညီ၊ မောင် ဒါမှမဟုတ် ကိုယ်တိုင် သောက်နေမိ တတ်ကြပါတယ်။ အသိသတိလေးနဲ့ စောင့်ကြည့်ရင်း အကြွေမစောစေဖို့ သတိထပ်ပေး လိုက်ပါတယ်။
, Kyaw Swe
Credit:ThanKyaw
ကူးယူဖော်ပြပါသည်။
•🇨🇭💟